ညတွေ အိပ်မပျော်ဘူး…ဖေဖေ့ကိုသတိရနေတယ်…ငယ်ငယ်က ကွန်ပစ်ထွက်တာတွေကိုသတိရနေတယ်..ဖေဖေ ရယ်..အငယ်မရယ်..အကြီးမရယ်..ခြင်းတောင်း (ပလိုင်းခေါ်မလား) ဆွဲလို့..ဖေဖေ့နောက်က တစ်ကောက်ကောက်လိုက်ပြီး ငါးလိုက်ကောက်တာ..ဖားထွက်ရိုက်တဲ့ညတွေဆို ပျော်စရာကောင်းလို့…မုန့်ဖက်ထုပ်သည်ကလဲ ည ဆယ့်နှစ်နာရီဆို လာပြီ…မေမေ့ကိုစားချင်တယ်ပူဆာရင်း..ညဘက်မှာမအိပ်ရတာကို သိပ်ပျော်တာ…ပြီးရင် ဖေဖေက ဂစ်တာယူပြီး (ဂစ်တာခေါ်မလား ပက်လက်လှန်တီးတဲ့ဂစ်တာ) မာမာအေး သီချင်းတွေတီးတယ်..မေမေကဆိုတယ်…ရွှေပြည်စိုး ဆိုတဲ့သီချင်းကိုရောက်ရင် အကြီးမရဲ့ ငါးနှစ်သမီးမြိုင်ထအက စပါပြီ..ကလိုက်တာမှ ကွေးလို့..အဲသီချင်းကလဲ ကလေးကြိုက်သီချင်း..အုန်းမှုတ်ခွက်လဲ ပါတယ်..့ရွှံတွေလဲပါတယ်..ပုတီးလဲပါတယ်…
အဲဒါတွေနဲ့ပေါင်းထားတဲ့သီချင်းဆိုတော့ အိုက်တင်လုပ်ရတာ သိပ်ကောင်းတာကိုး..ကပြီးရင် မောတော့ မေမေ့တင်ပျဉ်ခွေပေါ်တက်အိပ်ရင်း..မေမေ့ရင်ခေါင်းနားကပ်ပြီး အဲထဲက ထွက်လာလာနေတဲ့ စကားပြောသံကိုနားထောင်ရတာ ထူးဆန်းနေလို့..နားထောင်ပြီးရင်း နားထောင်…ပြီးတော့ အိပ်ပျော်သွားရော..မအိပ်ပျော်ခင်နောက်ဆုံးချိန်ထိ သမီးက မနက်မိုးလင်း နေထွက်လာတာကိုကြည့်ပြီးမှ အိပ်မှာလို့ ကြွေးကြော်သွားတာ..ပြီးတော့ ဖေဖေက ကုလားလူမျိုးတွေသုံးတဲ့ ဘာဂျာလား..အဲဒါလဲ မှုတ်တတ်သေးတယ်…ဂွီဂွီဂွမ်ဂွမ်နဲ့…ဒါပေမယ့် သိပ်နားထောင်လို့ကောင်းတယ်…ပျို့မှာတမ်း သီချင်း နဲ့ ကြူကြူသင်း တဲ့ ရွှေနှင်းဆီရယ် သင်းရနံ့ကမွှေးတယ် ဆိုတဲ့ သီချင်းကို အမြဲတမ်း မေမေဆိုတယ်..
¶¶¶မခူးရက်စရာကွယ်.. ¶¶¶အထူးပဲလှတယ်..
¶¶¶သူ့ကိုယ်သူပင်..ဆူးတွေကိုဆင်..နတ်ဥယျာဉ်ဝယ်..ရောင်စုံဖူးပွင့်တယ်…..¶¶¶
အိပ်နောက်ဖေးမှာ ရေကန်အကြီးကြီး တစ်ခုရှိတယ်..မိုးအကုန်ဆောင်းအကူးဆို အဲဒီမှာ ရေကုန်စပြုတယ်..ကန်စွန်းပင်တွေ ကနဖော့ပင်တွေက ဒိုက်တွေလိုဖြစ်လာပြီး ကလေးတွေကစားလို့ အရမ်းကောင်းတဲ့နေရာဖြစ်လာရော…အဖွားကတော့ တုတ်တစ်ချောင်းနဲ့ လိုက်လိုက်ရိုက်တယ်..ရေတစ်ဝက်နွံတစ်ဝက်ထဲပြုတ်ကျရင် သေမှာစိုးလို့တဲ့..အဖွားကိုပတ်ပြေးရင်း ကုက္ကိုပင်ပေါ်မောင်နှမတွေ စုပြုံတက်တော့..ကုက္ကိုပင်ကြီး အမြစ်ကနေပြုတ်ထွက်သွားတာလဲ အကြီးမအတွက် ထူးဆန်းနေတာပဲ..ကလေးတုန်းကဆိုတော့..
ဖေဖေက ပန်းပင်စိုက်တာဝါသနာပါတယ်…နေကြာပင်..မေမြို့ပန်းပင်နဲ့ ဂန္ဓမာက ဆောင်းဦးပေါက်ဆို အကြီးမတို့ရဲ့ခြံဝင်းအကျယ်ကြီးထဲမှာ လှလှပပ ဖူးလို့ပွင့်လို့…
သစ်ခွရုံလဲရှိသေးတယ်…အဖူးတွေဖူးလာရင် အသုပ်လုပ်ရောင်းတမ်းကစားတော့ ခဏခဏ ဆော်ပလော် အတီးခံရတာလဲ အကြီးမပဲ..အမှတ်ကိုမရှိတာ…ဖေဖေကသူ့သူငယ်ချင်းတွေကို အိမ်မှာထမင်းဖိတ်ကျွေးတော့ အရက်ကလေးကလဲ ပါသကိုး…အဲဒီမှာ ကိုငယ်ရယ်..အကြီးမရယ်..အငယ်မရယ်..ကစားကြပုံက ဒီလို…
နိုင်ငံခြားဖြစ် အရက်ပုလင်း စိမ်းစိမ်းရှည်ရှည်ကြီးထဲက အရောင်လှလှ အရက်တွေကို နည်းနည်းဖြည်းဖြည်းချင်းစိတ်ရှည်လက်ရှည်သွန်..အဖွားရဲ့ဓာတ်ဘူးထဲက ရေနွေးတွေပြန်ထည့်..ဖေဖေတို့ဘယ်လိုအရသာခံသောက်မလဲက သိချင်သေးတာ…ဒါပေမယ့် သူတို့စသောက်လို့ ဖေဖေမျက်နှာပျက်သွားပြီးဆိုတာနဲ့ မောင်နှမသုံးယောက် ခြေရင်းက အဖွားအိမ်ကိုပြေး အိပ်ပျော်ချင်ယောင်ဆောင်ပြီ..ဒါပေမယ့် ဖေဖေကလဲ ဒီမောင်နှမသုံးယောက်ရဲ့အဖေပဲ..သိတာပေါ့..သူတို့လောက်မှမလည်ရင် သူတို့အဖေဘယ်လုပ်တော့မလဲ..နော်..အကြီး အငယ် စိုးလှိုင်..ဆိုတာနဲ့..စငိုတာ အကြီးမပဲ..အဲဒါနဲ့ သုံးယောက်ဖောလင်းစီ အရိုက်ခံရရော..ပြီးရင် သွား တစ်ယောက်တိုင်တစ်လုံးစီမှာနေ မလှုပ်နဲ့..တဲ့…လူကြီးတွေ အဲဒီတုန်းကတည်းက မတရားပုံ..ချုပ်တာလေ ချယ်တာလေ… တို့သုံးယောက်ကလဲ မလှုပ်ပါဘူး..မျက်လုံးတွေပဲ တစ်ယောက်တစ်လှည့်ပြူးပြတမ်း ကစားကြတယ်..ဒီသုံးယောက်ပဲ ရှိတာလေ..နော့ ကစားမှာပေါ့ကြုံသလိုလေး..အပြင်မှထွက်မကစားရတာ..ရတာလေးတွေအသုံးပြုပြီးကစား
ကြရရှာတာ..
နောက် အိမ်နောက်ဖေးမီးဖိုချောင်ခေါင်မိုးမှာဝက်အူချောင်းတွေချိတ်ထားတာ..ခိုးစားကြရော…
တစ်ယောက်တစ်ခု တစ်ယောက်တစ်ခုနဲ့ (ကိုကြီး ကိုလေး မမကြီးနဲ့မမလေး လဲပါတယ် အဲတုန်းက ခိုးစားတာ) ပြီးလဲ ပြီးရော သူတို့မသိသလို..ထုံးစံအတိုင်း အကြီး အငယ် စိုးလှိုင်ပဲပေါ့..စားတဲ့လစ်မစ်ကလဲ ဒီသုံးယောက်ကများတာကိုး..း( စားပါဘူးလို့ လိမ်ပြောကြတာပေါ့..ဖေဖေလေ..ရက်စက်ပုံ ကဲ ပက်လက်လှန် ဗိုက်ခွဲကြည့်မယ်တဲ့..စားလားမစားလား သိအောင်တဲ့…ထုံးစံအတိုင်း စငိုတာ အကြီးမပါပဲ..အစအဆုံးပြောပြပြီးတော့..စားမိပါတယ်ပေါ့ ဗိုက်မခွဲပါနဲ့ပေါ့..ဗိုက်ဆိုတာကွဲသွားရင် ပြန်ချုပ်လဲ အရင်လိုဖြစ်မှာမဟုတ်ဘူးဆိုတာလဲ ရှင်းပြရင်း ၀န်ခံတယ်…လူကြီးတွေ မတရားပုံပြောပါတယ်…စားမိပါတယ်ပြောတော့ ရိုက်တယ်…မစားဘူးလို့ပြောတော့ ဗိုက်ခွဲမယ်တဲ့..ဘယ့်နှယ်လုပ်နေရမတုန်း..နော်…
ပြီးရင် အိမ်နဲ့ကပ်ရပ် ခြေရင်းမှာ သရက်ပင်ကြီးတစ်ပင်ရှိတော့..ဆောင်းကုန်နွေကူးဆို အသီးမှည့်ပြီလေ… အဲဒါ အိမ်နံရံကိုတွယ်တက်..ခေါင်မိုးကိုဖောက်ပြီး သရက်သီးခူးတယ် ကိုငယ်က ယောက်ျားလေးဆိုတော့ တက်ခူးတာပေါ့..အကြီး အငယ်က အောက်က အသီးကောက်..ဖေဖေ နဲ့ မေမေလဲပြန်လာရော..အိမ်ခေါင်မိုးပေါက်ကြီးကိုမြင်တော့ စိတ်ဆိုးတာလေ..အဟီး..ပြန်တွေးတာတောင် လန့်တယ်…ကလေးတွေကဘယ်သိမှာလဲလို့.
လိုချင်တာလေးကို လူကြီးတွေကိုအပူမကပ်ပဲ ရသလိုဖန်တီးတာ..ကို..ရိုက်ပြန်ရော…ခါတဲ.
ပြီးတော့ အဲအသီးတွေလဲ သူတို့ပဲ ၀ိုင်းစားပြီးတော့…ဟားဟား….လူကြီးတွေ တစ်ကယ်ပဲ..ချစ်စရာကောင်းပုံလေးတွေ…
မိုးတွင်းဆိုရင်တော့ နည်းနည်း ရင်ခုန်စရာကောင်းပါတယ်..ရေကန်ကြီးထဲကရေတွေက တက်တက်လာတော့ တစ်ခါတစ်လေ..ခြေသလုံးအလယ်ရောက်တယ်…အဲဒီအခါဆို ကျောင်းလုံးဝမသွားချင်တော့တာ..(အစကတည်းကလဲ သွားကိုမသွားချင်ပါဘူး) ရေထဲဖြတ်ရမှာကြောက်တယ်…မိကျောင်းကိုက်မှာစိုးလို့လေ..နောက် ဆူးတောင်ကြီးထောင်ထောင်ထောင်ထောင်နဲ့ ငါးမန်းလဲ ကြောက်သေးတယ်…ရေထဲကို ခြေမကလေးတောင်မချရဲဘူး…အဲဒါ ကိုကြီးက ကျောပိုးပြီးလိုက်ပို့တယ်…စိတ်ထဲကတော့ သွားပါပြီ..ကျောင်းမတက်ရတဲ့ အခွင့်အရေးလေး ဆုံးပါပြီဆိုပြီ မျက်ရည်လည်ရွဲနဲ့ ကျောင်းသွားရတယ် (ပညာလိုချင်ပုံများ ပြောပါတယ်) ပြောရဦးမယ်..ဖေဖေက အမြွာနှစ်ကောင်ကို သိပ်ချစ်တာ..ပုခုံးဟိုဘက် ဒီဘက် တစ်ယောက်ဆီတင်ပြီး ရွာရိုးကိုးပေါက် လျှောက်သွားတယ်..အဲဒါ ဟိုအိမ်ကပေးတဲ့ မုန့် ဒီအိမ်ကပေးတဲ့မုန့် အလှူခံပြီးမှ အိမ်ပြန်ရောက်တာ..တစ်နေ့ ရေတွေအရမ်းများတဲ့နေ့ပေါ့…အကြီးမက ခုနှစ်ဆင့်မြင့်တဲ့ လှေကားထိပ်မှာထိုင်လို့..အော် အိမ်က ခြေတံရှည် အိမ်လေ..ဖေဖေ သူ့ဟာသူ ဒီဇိုင်းထွင်ပြီး ဆောက်ထားတာတဲ့..ကြည့်ရတာတော့ နှစ်တန်းကလေးတွေဆွဲတဲ့ ခေါင်မိုးရယ် လှေကားရယ် ပြူတင်းပေါက်ရယ် အားလုံးကို စာရွက်တစ်ရွက်ထဲ စုပြုံထည့်ထားတဲ့ ပန်းချီကားလိုပါပဲ..ဟီးဇ်..(ကန်တော့ ဖေဖေ..ဒါပေမယ့် သမီး အဲဒီအိမ်ကလေးကို သိပ်ချစ်ပါတယ်) ဆက်ပြောပါဦးမယ်…
ဘာမှမမြင်ရတဲ့ရေထဲမှာ ဘာများရှိမလဲ ဆိုပြီး စိတ်ဝင်တစား (ဟိုတုန်းကတည်းက အူကြောင်ကျား ပုံများ) ကြည့်နေတုန်း အငယ်မက သူ့နောက်ကျောကနေ အသာလေး ဒူးလေးနဲ့ တွန်းလိုက်တာ..ခုနှစ်ဆင့်မြင့်တဲ့ လှေကားကနေ ပလုံကနဲ ရေထဲပြုတ်ကျသွားလိုက်တာ..အရှေ့အပေါ်က သွားနှစ်ချောင်းတောင် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိဘူး..ရေထဲက ပြန်ပေါ်လာတော့ သွေးတွေနဲ့ သွားတွေကတော့ မရှိတော့ဘူး..(ငယ်သွားလဲပုံ) အငယ်မက အသက်ကြီးတော့မှ ပြန်ပြောပါတယ်..အဲဒီတုန်းကတဲ့ ငါ အဲလိုလုပ်လိုက်ရင် နင်ဘာဖြစ်သွားမလဲမသိဘူးဆိုပြီး တွန်းကြည့်လိုက်တာ ဆိုပဲ..ပလေတို နဲ့ ၀က်ဝက်ကွဲ အမျိုးတော်တယ်..
အိပ်ချင်လာပြီ…နောက်နေ့မှဆက်ရေးတော့မယ်..
ဆက်ရန်….
ခေးလ.
၁၁ ရက် ဒီဇင်ဘာ ၂၀၁၀
မနက် ၁း၄၄ နာရီ..
ညီမပို့စ်လေးဖတ်ပြီးတော့ အဖေ့အကြောင်းနဲ့ ကိုယ့်ငယ်ဘဝကို ပြန်သတိရမိတယ်။ ဆက်ရေးလေ ညီမ။
ReplyDeleteလာလည်သွားလို့ ကျေးဇူးညီမ။ ကွန်မန့်ပေးသွားလို့လည်း ကျေးဇူး။ ညီမကွန်မန့်ကို ခုမှ ဖတ်မိလို့။း-) အဲဒီ့ ညီမ ကွန်မန့်ပေးသွားတဲ့ ကဗျာလည်း ဖေ့စ်ဘွတ်ခ်မှာ ရှယ်ချင် ရှယ်လို့ရပါတယ်။
ဟုတ်ကဲ့ အစ်ကို..ကျေးဇူးပါ..ညီမက စနေ တနင်္ဂနွေနေ့တွေမှာပဲ ဘလော့ဂ်ကို ရေးဖြစ်လို့.ရေးရင်လဲ mood ရှိမှရေးချင်တာဆိုတော့..(တကယ်တော့ အရမ်းမရေးတတ်တာလဲ ပါပါတယ်).နည်းနည်း ဝေးသွားတယ်..အခု အဲကဗျာကို ရှယ်လိုက်ပြီ..ကျေးဇူးတင်ပါတယ်..
ReplyDelete