Saturday, December 18, 2010
ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံ. (၂)
တစ်နေ့..ဖေဖေနဲ့မေမေ မြို့ထဲသွားတုန်း..လမ်းထဲကိုဆင်းဆော့ချင်လာတော့.ခိုးထွက်ပြီးကစားတာပေါ့ လမ်းထဲကကောင်မလေးတွေကလဲ အိမ်ရှေ့လာပြီး ဆော့ပြနေတာကိုး..သူတို့ကိုတောင်းတောင်းပန်ပန်နဲ့ ငါတို့လဲ ကစားချင်လို့ပါပေါ့..သူတို့က ဘယ်အဖွဲ့ထဲမှာမှ မခေါ်ချင်ကြဘူး.တဲ့..နင်တို့ကအသုံးမကျဘူးတဲ့..
ပွင့်လင်းပုံများ..အားတောင်ငယ်တယ်..သားရေကြိုးခုန်ရင် အရင်ဆုံးရှူံးတဲ့အဖွဲ့က အကြီးမ အငယ်မပါတဲ့အဖွဲ့ပေါ့ကွယ်..မြေကြီးလက်မထောက်ရ ဆိုတာ ကြိုးခုန်ရင်းပင်ပန်းလွန်းတော့ ခြေပစ်လက်ပစ် ပိတ်ပက်ထိုင်ပစ်လိုက်တော့ မြေကြီးထိသွားတာကိုး..အံ့သြစရာကောင်းပုံ သူတို့ လုံးဝလက်နဲ့မြေကြီးမထိဘူးပဲ သတိတွေကောင်းကြတာ..တို့များကတော့ ဖွတ်ကျားဆိုတော့ အမြဲအဲလိုပဲ ရှူံးတတ်တယ်..နောက်တော့ ၀င်ကစားခွင့်ပေးပါတယ် သဘောတူညီချက်နဲ့ ထမင်းသိုးဟင်းသိုးတဲ့..မကောင်းလိုက်တဲ့နံမည်..
တောက်ကောင်မလေးတွေလေ..ကြံကြံဖန်ဖန်သူတို့ပဲပေးတတ်တယ်..
ကြိုက်သလိုခုန် ကြိုက်သလိုလုပ် ဘာမှမဖြစ်တဲ့ရာထူး....သနားပါတယ်.
အဲဒီမှာ စကားလုံးအသစ်အဆန်းတွေလဲ ကြားရတယ်..ရန်တွေဖြစ်ကြ ငြင်းရင်းနဲ့မနိုင်တော့ ဆဲကြတာလေ..စုံနေတာပဲ..ကိုယ်တွေတော့ ပါးစပ်အဟောင်းသားပေါ့..စကားလုံးတွေလဲ လိုက်မှတ်ရင်း တစ်နေရာရာမှာ အသုံးဝင်လိုဝင်ငြား သူတို့ဆဲနေတာက နှစ်နှစ်ခြိုက်ခြိုက်ဆိုတော့လဲ အကောင်းမှတ်လို့..
အဲဒါနဲ့ သူတို့ထဲက တစ်ယောက်ကို သူတို့ပြောတဲ့ နာမည်နဲ့ ခေါ်လိုက်မိတာ..ဟဲ့..ဟို…ဘာညာသာရကာမ (ကိုယ့်ဟာကို ဖြည့်ဖတ်ရန် ဥာဏ်စမ်း) ဆိုပြီး..ကံကောင်းချင်တော့ ဖေဖေ နဲ့ မေမေက လမ်းထိပ်အရောက် ကိုယ်ကလဲ အသံကအောင်အောင်နဲ့ ဆိုတော့ ကြားသွားပါလေရော…
ဘာပြောကောင်းမလဲ..စိန်ဗိုလ်တင့်နဲ့ စတင်းနဲ့ တိုင်ပတ်ပြီးတီးသလိုပဲ..အရှိုးရာနဲ့အညိုအမည်းကိုစွဲရော..မိဘတို့၏ ဆုံးမချက်…နောက်နေ့ကျောင်းတောင်မသွားနိုင်ဘူး..အဟင့် နာလိုက်တာ စိတ်ပါနာတယ်..အဲဒီစကားလုံးကို..အဲဒီကတည်းက မှတ်သွားလိုက်တာ..
ပြောဦးမယ်..ကိုငယ်ကလေ ငယ်ငယ်က သိပ်ဆရာလုပ်တာ..သူက သုံးယောက်ထဲမှာဆကာကြီးကိုး..သူပြောသမျှ ပါးစပ်ကလေးတွေအဟောင်းသား အဟုတ်မှတ်လို့ နားထောင်ပြီး…ဟယ် အဲလို..ဟယ် အဲလိုမျိုး..နဲ့..မနက်အစောကြီး အကြီးအငယ်မနိုးခင် အဘွားနဲ့ ဘဘဆရာတို့က သူ့ကို ဈေးကိုခေါ်သွားတာ..အိမ်နဲ့ဈေးက ဦးထွန်းလင်းခြံလမ်းနဲ့ ပြည်မြန်မာ ကုန်တိုက်လောက် အကွာအဝေးရှိတာ..ဟယ် ကိုငယ်ရယ် ဘဘဆရာတို့နဲ့ဘယ်လိုက်သွားတာလဲဟေ ဆိုတော့..မန္တလေးကို တဲ့..ကိုယ်တွေမှာတော့ အဟုတ်မှတ်လို့. ဘာတွေဝယ်ခဲ့လဲဆိုတော့ ဧည့်ခန်းနံရံမှာ ကိုယ်မမွေးခင်ကတည်းက ချိတ်ထားတဲ့ သားမင်ခေါင်းတွေ ဒရယ်ခေါင်းတွေကို လက်ညှိုးထိုးပြီး တွေ့လားတဲ့ ငါတို့ မန္တလေး မှာ အမဲသွားလိုက်တာ အဲဒီခေါင်းက အခုမှအသစ်ချိတ်လိုက်တာ ဆိုပြီး..ကိုယ်တွေတောင် ဇဝေဇ၀ါနဲ့ ပြန်ကြည့်ပြီး အခုမှပဲ မြင်ဖူးသလိုလိုတောင် ဖြစ်ကုန်တာ..နောက်ပြီးပြောသေးတာ အပြန်တောင် ငှက်ဖျားမိတော့မလို့တဲ့ မနည်းထွက်ပြေးလာလိုက်လို့ ကံသီလေး လွတ်တာဆိုပဲ..ကိုယ်တွေမလဲ ငှက်ဖျားဆိုတာ ဘာကောင်မှန်းမသိ သူကလဲ ကြားဖူးသမျှတွေနဲ့ မရရအောင် ဆက်စပ်ပြောထဲ့လိုက်တာ..တော်တော်လေးကို ကြောက်သွားတာ ငှက်ဖျားဆိုတဲ့အကောင်ကို..
စပ်မိလို့ နောက်အသစ် တစ်ခုပြောရဦးမယ်..ဘဘဆရာ အဲ ဘဘဆရာဆိုတာ ဖေဖေ့ရဲ့အစ်ကို မေမေ့ရဲ့ဆရာ ဖေဖေ့အစ်ကိုဆိုတော့ ဘဘ မေမေက ဆရာ ဆရာ နဲ့ခေါ်နေရင်း ဘဘဆရာ ဖြစ်သွားတာ..ဘဘဆရာရယ် ဖေဖေရယ်က ကျောက်စိမ်းမှောင်ခိုလုပ်တာလေ..အဲမှာ လူကြီးတွေနား ယောင်ပေယောင်ပေလုပ်ရင်း လူကြီးစကားတွေနားထောင်ကြတာပေါ့လေ..အဲမှာ မှောင်ခိုဆိုတဲ့စကားလုံးက အသစ်..တစ်ခါမှမကြားဖူးဘူး..ဘာလဲပေါ့လေ..အဲဒါနဲ့ ကိုငယ့်ကိုမေးတာပေါ့..သူက ဆကာကြီးကိုး..မှောင်ခိုဆိုတာဘာကြီးလဲပေါ့နော်..ဘဘဆရာတို့ ဖေဖေတို့ပြောနေတဲ့ စကားတွေအရတော့ သိပ်ကောင်းတဲ့ ဟာတော့ဟုတ်မယ်မထင်ဆိုတာ သိနေတယ်..ကိုငယ် ခဏစဉ်းစားပြီးတော့ ပြောတယ်..မှောင်ခို ဆိုတာတဲ့ လင်းနို့လို အကောင်မျိုး..ဒါပေမယ့် လင်းနို့ထက် အဆအများကြီးပိုကြီးတယ် အိမ်နံရံတွေမှာ မှောင်ရင်လာလာခိုနေတတ်တယ်..တဲ့..ကွယ် တို့များဘာပြောကောင်းမလဲ ကြောက်သွားလိုက်တာ..ညမှောင်ရင် အိမ်ထောင့်တွေကို မကပ်ဝံ့ဘူးရယ်..အဲ အကောင်နဲ့တွေ့မှာစိုးလို့..
တစ်ညပေါ့..ရပ်ကွက်ထဲ သူခိုးလိုက်ကြပါလေရော..သူခိုး သူခိုး ဆိုတဲ့ အသံကြီးက လန့်တောင်နိုးတယ် ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲပေါ့..အဲမှာ မေမေက ဟဲ့ ကလေးတွေ ခြင်ထောင်ထဲက မထွက်ကြနဲ့စမ်း သူခိုးတဲ့..ဆိုတော့ ကိုယ်ဥာဏ်မီသလိုတွေးလိုက်တာက ခြင်ထောင်ထဲက ထွက်ရင် သူခိုးကိုက်လိမ့်မယ် မထွက်ရဘူး..ပေါ့..ကိုငယ့်ပဲ မေးရတာပေါ့ တိုးတိုးလေး မတော်သူခိုးကြားရင်လာကိုက်မှာစိုးလို့..
ကိုငယ် ကိုငယ် သူခိုးက ဘာလဲဟင်ပေါ့..ကိုငယ်က လူလည် သူခိုးကို သူ ကာတွန်းတွေခိုးဖတ်ရင်း နည်းနည်းသိတယ်..သူခိုးကတဲ့ မျက်ကွင်းမည်းမည်းကြီးနဲ့ လူနဲ့တူတယ်တဲ့ တစ်ပုံစံတည်း..ဒါပေမယ့် ခိုးရင်းခိုးရင်း သူခိုးဆိုတဲ့ အကောင်ဖြစ်သွားတာတဲ့..အို အကြီးမ အငယ်မကတော့ ဘာပြောကောင်းမလဲ ကြောက်ဖို့ အဆင်သင့်..ကြောက်တာ ပြောမနေနဲ့တော့ ခြင်ထောင်ထဲမယ် ဘုရားရှိခိုးရင်းသူခိုး သမီးကို မတွေ့ပါစေနဲ့ဆိုပြီး အသက်တောင် ပြင်းပြင်းမရှူရဲဘူး..
ဖေဖေက ဘာလုပ်လုပ် သိပ်အနုစိပ်တာ..သေလဲသေသပ်တယ်..ကံမကောင်းတာက သမီးနှစ်ယောက်စလုံးမှာ အဲဒီ အမွေ ပါမလာခဲ့ဘူး..သမီးတွေအတွက် လဲသွားတဲ့ ကုက္ကိုပင်က အသားနဲ့ လှေသေးသေးလေးထွင်းပေးတယ်..ကစားဖို့..ကစားလဲ မကစားတတ်ပါဘူး အဲဒီလှေကို ဂုန်နီကြိုးနဲ့ဆွဲပြီး ဘူး ဘူး နဲ့ ကားဆွဲတိုင်းကစားကြတယ်လေ အိမ်ပေါ်မှာ ..
ခြံဝင်းထဲမှာ ဖေဖေက ပန်းခင်းတွေ..သီးပင်စားပင်စိုက်ခင်းတွေစိုက်တယ် နေကြာပင်တွေလဲစိုက်တယ်...နေကြာမျိုးစေ့တွေ ဖေဖေ အခင်းထဲ ချစိုက်ထားရင် အဲဒါကို ပြန်ခိုးစားတာနဲ့ နှစ်ခင်းစိုက် ရင် တစ်ခင်းပဲ အောင်တယ် ကျန်တာက မျိုးစေ့ဘ၀မှာပဲ အကြီးအငယ်စိုးလိုင်ပါးစပ်ထဲရောက်ပြီးမျိုးတုန်းကုန်လို့..အဟဲ
မိုးကုန်ဆောင်းကူး..မြူနှင်းတွေက ဝေတေ၀ါးတား..သိပ်လှတာ..ဂေါ်ဖီထုပ် ဂေါ်ဖီပန်း မုန်ညင်းစိမ်း မုန်ညင်းဖြူ ကြက်သွန်မြိတ်ပင် ဆလပ်ပင် အို အစုံပါပဲ..မနက်ခင်းဆိုရင် မြူတွေသိပ်ဆိုင်းနေတဲ့အချိန်မျိုးဆို ဖေဖေက အဲ အပင်တွေကြား အနွေးထည်ထူထူနဲ့ လမ်းဆင်းလျှောက်တယ် ဖေဖေ ဆင်းတော့ သမီးနှစ်ယောက်ကလဲ တစ်ပြွတ်ထဲ လိုက်ဆင်းကြတာပေါ့..ချမ်းချက်ကတော့ ဘယ်အချိန်ပြန်တွေးတွေး လွမ်းစရာကြီး..မေမေက မီးဖိုထဲမှာ ထမင်းကြော် နဲ့ ငါးခြောက် သေးသေးလေးတွေကြော်နေတုန်း…အဖေနဲ့သမီးတွေက အခင်းထဲမှာ ကိုယ်စားချင်တဲ့အပင်တွေလိုက်ခူးတယ်..ကိုငယ်ကတော့ အဘွား ထမီထဲမှာကွေးလို့ကောင်းတုန်း..မြူတွေကြားထဲမှာတစ်ယောက်ကိုတစ်ယောက်မမြင်ရတော့အောင် ပိတ်လာတော့ ဖေဖေ့ကိုကွယ်ပြီး နှစ်ယောက် တူတူပုန်းတမ်း ကစားကြတာ လွမ်းတယ်.. အရမ်းပျော်ဖို့ကောင်းတယ်..
ညဘက်ဆိုရင် အိမ်ရှေ့အိမ်က ဘဘ ဦးစောတို့မိသားစုက ခြံထဲကိုလာပြီ..အိမ်အရှေ့နားလေးက ကွပ်ပျစ်မှာထိုင်ပြီးစကားတွေပြောကြတယ်..ဒီနှစ်သီတင်းကျွတ် လမ်းထဲမှာ ဘာလုပ်ကြမလဲ..ပျော်ပွဲရွှင်ပွဲအတွက် ဘာတွေစီစဉ်ကြမလဲ စတိတ်ရှိုးတွေလုပ်မယ် ဘာညာ ပေါ့..အဲဒီမှာ ဘဘရဲ့သားသမီးသုံးယောက်က အကြီးမတို့နဲ့ ကစားကြတယ်..သစ်ရွက်မီးရှို့တမ်းလေ အချမ်းပြေမီးလှူံရင်းနဲ့ပေါ့..မေမေ့မီးဖိုချောင်က ငါးခြောက်တွေသွားခိုးပြီး သစ်ရွက်တွေနဲ့ရောရှို့ ပြီးရင် ပြာတွေထဲက ပြန်ရှာပြီးစား..အဟီး ရွံစာကြီးနော်..ဒါပေမယ့် ပျော်ဖို့အရမ်းကောင်းတာ..မသိလို့..
တစ်ခေါက် ဘောလုံးပေါက်တမ်းကစားကြရင်း အငယ်မကို ရာဇ၀င်ကြွေးပြန်ဆပ်လိုက်တယ်..ဖြစ်ပုံက ဒီလို…
အငယ်မရယ်..မမကြီးရယ် ကိုငယ်ရယ်က တစ်ဖက်..အကြီးမရယ် မမလေး ရယ်.အိမ်ရှေ့အိမ်က ကိုလတ်ရယ်က တစ်ဖက်..ဘောလုံးပေါက်တမ်းကစားကြရင်း..နောက်ဆုံး အကြီးမဘက်မှာ အကြီးမပဲ ရှင်တော့တာကိုး..မမကြီးက အနောက်ဘက်ကနေ ဘောလုံးနဲ့ ပေါက်ဖို့ ကပ်အလာ အငယ်မက အရှေ့ဘက်မှာ အကြီးမ ဆက်သွားလို့မရအောင် ဆီးကာထားတော့..အကြီးမ က ကြောက်ကြောက်လန့်လန့်နဲ့ ဘာပြောကောင်းမလဲ အငယ်မကို မျက်စိစုံမှိတ်ပြီး ၀င်တိုးပစ်လိုက်တာ..ဟားဟား..အငယ်မလေ မော့ပြီးရယ်နေတာ အဲတုန်းက မိပြီဆိုပြီး..သူ့သွားတစ်ချောင်းက အကြီးမ နဖူးမှာစိုက်ပြီး ကျန်တဲ့ လေးချောင်းက တစ်စောင်းကြီးယိုင်သွားပါလေရော..သူ့ပါးစပ်ကလဲ သွေးတွေထွက်လာပြီး အကြီးမ နဖူးနဲ့ မျက်နှာမှာလဲ သွားတန်းလန်းနဲ့ သွေးတွေရဲရဲကိုတောက်လို့..နှစ်ယောက်သားငိုလိုက်တာ အသံကိုပျောက်ရော..ထုံးစံအတိုင်း မိသားစု ဆရာဝန်ဆီ သွားတာ ဒီနှစ်ယောက်ပဲ တစ်ယောက်တစ်လှည့် ငယ်သွားချိုးနေတော့ ဆရာဝန်က အေး ကောင်းတာပဲ ငယ်သွားလေဲ နည်းတစ်မျိုးပေါ့လို့ တောင် အစ ခံရသေးတယ်..အကြီးမ အငယ်မ ကတော့ ရယ်နိုင်ပါဘူး..နာနေတာကိုး..အငယ်မ ပါးစပ်ထဲက ဘေးစောင်းသွားကြီးတွေကိုကြည့်ပြီး ငိုလိုက် ဆေးထည့်ထားတဲ့ ကိုယ့်နဖူးကိုယ် ပြန်စမ်းပြီးငိုလိုက်နဲ့..မေမေကတော့ အဘွားက မျောက်ကမြင်းမသားသမီးလေးတွေလို့ ဆဲတာ မလွန်ဘူးလို့ပြောရင်းရယ်တယ်…ဂယ်ပဲ
သူများတွေက နာနေတာကို သူမို့ ရယ်ရက်တယ်..ဖေဖေကတော့ အေး ငါ့သမီးလေးတွေ ကြီးလာရင် သွားတွေကတော့ ရှေ့ကိုခေါထွက်ပြီ တဲ့ သွားခေါမလေးတွေဖြစ်ကုန်ကြတော့မယ်တဲ့ ခြောက်တာလေ…၀မ်းနည်းလို့မဆုံးဘူး..သွားပါပြီ ငါတို့ ဘ၀တွေတော့ သခေါဘ၀နဲ့ အရိုးထုတ်ရတော့မယ် ဆိုပြီး…အဟင့် ရေးရင်းတောင် ပြန်ဝမ်းနည်းတယ်…ဟုတ်လဲမဟုတ်ဘဲနဲ့ အညာခံရတာကို သိပြီး…
ဆက်ရန်….
ခေးလ.
၁၈ ရက် ဒီဇင်ဘာ ၂၀၁၀
မနက် ၁း၄၇ နာရီ..
Saturday, December 11, 2010
ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံ.
ညတွေ အိပ်မပျော်ဘူး…ဖေဖေ့ကိုသတိရနေတယ်…ငယ်ငယ်က ကွန်ပစ်ထွက်တာတွေကိုသတိရနေတယ်..ဖေဖေ ရယ်..အငယ်မရယ်..အကြီးမရယ်..ခြင်းတောင်း (ပလိုင်းခေါ်မလား) ဆွဲလို့..ဖေဖေ့နောက်က တစ်ကောက်ကောက်လိုက်ပြီး ငါးလိုက်ကောက်တာ..ဖားထွက်ရိုက်တဲ့ညတွေဆို ပျော်စရာကောင်းလို့…မုန့်ဖက်ထုပ်သည်ကလဲ ည ဆယ့်နှစ်နာရီဆို လာပြီ…မေမေ့ကိုစားချင်တယ်ပူဆာရင်း..ညဘက်မှာမအိပ်ရတာကို သိပ်ပျော်တာ…ပြီးရင် ဖေဖေက ဂစ်တာယူပြီး (ဂစ်တာခေါ်မလား ပက်လက်လှန်တီးတဲ့ဂစ်တာ) မာမာအေး သီချင်းတွေတီးတယ်..မေမေကဆိုတယ်…ရွှေပြည်စိုး ဆိုတဲ့သီချင်းကိုရောက်ရင် အကြီးမရဲ့ ငါးနှစ်သမီးမြိုင်ထအက စပါပြီ..ကလိုက်တာမှ ကွေးလို့..အဲသီချင်းကလဲ ကလေးကြိုက်သီချင်း..အုန်းမှုတ်ခွက်လဲ ပါတယ်..့ရွှံတွေလဲပါတယ်..ပုတီးလဲပါတယ်…
အဲဒါတွေနဲ့ပေါင်းထားတဲ့သီချင်းဆိုတော့ အိုက်တင်လုပ်ရတာ သိပ်ကောင်းတာကိုး..ကပြီးရင်  မောတော့ မေမေ့တင်ပျဉ်ခွေပေါ်တက်အိပ်ရင်း..မေမေ့ရင်ခေါင်းနားကပ်ပြီး အဲထဲက ထွက်လာလာနေတဲ့ စကားပြောသံကိုနားထောင်ရတာ ထူးဆန်းနေလို့..နားထောင်ပြီးရင်း နားထောင်…ပြီးတော့ အိပ်ပျော်သွားရော..မအိပ်ပျော်ခင်နောက်ဆုံးချိန်ထိ သမီးက မနက်မိုးလင်း နေထွက်လာတာကိုကြည့်ပြီးမှ အိပ်မှာလို့ ကြွေးကြော်သွားတာ..ပြီးတော့ ဖေဖေက ကုလားလူမျိုးတွေသုံးတဲ့ ဘာဂျာလား..အဲဒါလဲ မှုတ်တတ်သေးတယ်…ဂွီဂွီဂွမ်ဂွမ်နဲ့…ဒါပေမယ့် သိပ်နားထောင်လို့ကောင်းတယ်…ပျို့မှာတမ်း သီချင်း နဲ့ ကြူကြူသင်း တဲ့ ရွှေနှင်းဆီရယ် သင်းရနံ့ကမွှေးတယ် ဆိုတဲ့ သီချင်းကို အမြဲတမ်း မေမေဆိုတယ်..
¶¶¶မခူးရက်စရာကွယ်.. ¶¶¶အထူးပဲလှတယ်..
¶¶¶သူ့ကိုယ်သူပင်..ဆူးတွေကိုဆင်..နတ်ဥယျာဉ်ဝယ်..ရောင်စုံဖူးပွင့်တယ်…..¶¶¶
အိပ်နောက်ဖေးမှာ ရေကန်အကြီးကြီး တစ်ခုရှိတယ်..မိုးအကုန်ဆောင်းအကူးဆို အဲဒီမှာ ရေကုန်စပြုတယ်..ကန်စွန်းပင်တွေ ကနဖော့ပင်တွေက ဒိုက်တွေလိုဖြစ်လာပြီး ကလေးတွေကစားလို့ အရမ်းကောင်းတဲ့နေရာဖြစ်လာရော…အဖွားကတော့ တုတ်တစ်ချောင်းနဲ့ လိုက်လိုက်ရိုက်တယ်..ရေတစ်ဝက်နွံတစ်ဝက်ထဲပြုတ်ကျရင် သေမှာစိုးလို့တဲ့..အဖွားကိုပတ်ပြေးရင်း ကုက္ကိုပင်ပေါ်မောင်နှမတွေ စုပြုံတက်တော့..ကုက္ကိုပင်ကြီး အမြစ်ကနေပြုတ်ထွက်သွားတာလဲ အကြီးမအတွက် ထူးဆန်းနေတာပဲ..ကလေးတုန်းကဆိုတော့..
ဖေဖေက ပန်းပင်စိုက်တာဝါသနာပါတယ်…နေကြာပင်..မေမြို့ပန်းပင်နဲ့ ဂန္ဓမာက ဆောင်းဦးပေါက်ဆို အကြီးမတို့ရဲ့ခြံဝင်းအကျယ်ကြီးထဲမှာ လှလှပပ ဖူးလို့ပွင့်လို့…
သစ်ခွရုံလဲရှိသေးတယ်…အဖူးတွေဖူးလာရင် အသုပ်လုပ်ရောင်းတမ်းကစားတော့ ခဏခဏ ဆော်ပလော် အတီးခံရတာလဲ အကြီးမပဲ..အမှတ်ကိုမရှိတာ…ဖေဖေကသူ့သူငယ်ချင်းတွေကို အိမ်မှာထမင်းဖိတ်ကျွေးတော့ အရက်ကလေးကလဲ ပါသကိုး…အဲဒီမှာ ကိုငယ်ရယ်..အကြီးမရယ်..အငယ်မရယ်..ကစားကြပုံက ဒီလို…
နိုင်ငံခြားဖြစ် အရက်ပုလင်း စိမ်းစိမ်းရှည်ရှည်ကြီးထဲက အရောင်လှလှ အရက်တွေကို နည်းနည်းဖြည်းဖြည်းချင်းစိတ်ရှည်လက်ရှည်သွန်..အဖွားရဲ့ဓာတ်ဘူးထဲက ရေနွေးတွေပြန်ထည့်..ဖေဖေတို့ဘယ်လိုအရသာခံသောက်မလဲက သိချင်သေးတာ…ဒါပေမယ့် သူတို့စသောက်လို့ ဖေဖေမျက်နှာပျက်သွားပြီးဆိုတာနဲ့ မောင်နှမသုံးယောက် ခြေရင်းက အဖွားအိမ်ကိုပြေး အိပ်ပျော်ချင်ယောင်ဆောင်ပြီ..ဒါပေမယ့် ဖေဖေကလဲ ဒီမောင်နှမသုံးယောက်ရဲ့အဖေပဲ..သိတာပေါ့..သူတို့လောက်မှမလည်ရင် သူတို့အဖေဘယ်လုပ်တော့မလဲ..နော်..အကြီး အငယ် စိုးလှိုင်..ဆိုတာနဲ့..စငိုတာ အကြီးမပဲ..အဲဒါနဲ့ သုံးယောက်ဖောလင်းစီ အရိုက်ခံရရော..ပြီးရင် သွား တစ်ယောက်တိုင်တစ်လုံးစီမှာနေ မလှုပ်နဲ့..တဲ့…လူကြီးတွေ အဲဒီတုန်းကတည်းက မတရားပုံ..ချုပ်တာလေ ချယ်တာလေ… တို့သုံးယောက်ကလဲ မလှုပ်ပါဘူး..မျက်လုံးတွေပဲ တစ်ယောက်တစ်လှည့်ပြူးပြတမ်း ကစားကြတယ်..ဒီသုံးယောက်ပဲ ရှိတာလေ..နော့ ကစားမှာပေါ့ကြုံသလိုလေး..အပြင်မှထွက်မကစားရတာ..ရတာလေးတွေအသုံးပြုပြီးကစား
ကြရရှာတာ..
နောက် အိမ်နောက်ဖေးမီးဖိုချောင်ခေါင်မိုးမှာဝက်အူချောင်းတွေချိတ်ထားတာ..ခိုးစားကြရော…
တစ်ယောက်တစ်ခု တစ်ယောက်တစ်ခုနဲ့ (ကိုကြီး ကိုလေး မမကြီးနဲ့မမလေး လဲပါတယ် အဲတုန်းက ခိုးစားတာ) ပြီးလဲ ပြီးရော သူတို့မသိသလို..ထုံးစံအတိုင်း အကြီး အငယ် စိုးလှိုင်ပဲပေါ့..စားတဲ့လစ်မစ်ကလဲ ဒီသုံးယောက်ကများတာကိုး..း(   စားပါဘူးလို့ လိမ်ပြောကြတာပေါ့..ဖေဖေလေ..ရက်စက်ပုံ ကဲ ပက်လက်လှန် ဗိုက်ခွဲကြည့်မယ်တဲ့..စားလားမစားလား သိအောင်တဲ့…ထုံးစံအတိုင်း စငိုတာ အကြီးမပါပဲ..အစအဆုံးပြောပြပြီးတော့..စားမိပါတယ်ပေါ့ ဗိုက်မခွဲပါနဲ့ပေါ့..ဗိုက်ဆိုတာကွဲသွားရင် ပြန်ချုပ်လဲ အရင်လိုဖြစ်မှာမဟုတ်ဘူးဆိုတာလဲ ရှင်းပြရင်း ၀န်ခံတယ်…လူကြီးတွေ မတရားပုံပြောပါတယ်…စားမိပါတယ်ပြောတော့ ရိုက်တယ်…မစားဘူးလို့ပြောတော့ ဗိုက်ခွဲမယ်တဲ့..ဘယ့်နှယ်လုပ်နေရမတုန်း..နော်…
ပြီးရင် အိမ်နဲ့ကပ်ရပ် ခြေရင်းမှာ သရက်ပင်ကြီးတစ်ပင်ရှိတော့..ဆောင်းကုန်နွေကူးဆို အသီးမှည့်ပြီလေ… အဲဒါ အိမ်နံရံကိုတွယ်တက်..ခေါင်မိုးကိုဖောက်ပြီး သရက်သီးခူးတယ် ကိုငယ်က ယောက်ျားလေးဆိုတော့ တက်ခူးတာပေါ့..အကြီး အငယ်က အောက်က အသီးကောက်..ဖေဖေ နဲ့ မေမေလဲပြန်လာရော..အိမ်ခေါင်မိုးပေါက်ကြီးကိုမြင်တော့ စိတ်ဆိုးတာလေ..အဟီး..ပြန်တွေးတာတောင် လန့်တယ်…ကလေးတွေကဘယ်သိမှာလဲလို့.
လိုချင်တာလေးကို လူကြီးတွေကိုအပူမကပ်ပဲ ရသလိုဖန်တီးတာ..ကို..ရိုက်ပြန်ရော…ခါတဲ.
ပြီးတော့ အဲအသီးတွေလဲ သူတို့ပဲ ၀ိုင်းစားပြီးတော့…ဟားဟား….လူကြီးတွေ တစ်ကယ်ပဲ..ချစ်စရာကောင်းပုံလေးတွေ…
မိုးတွင်းဆိုရင်တော့ နည်းနည်း ရင်ခုန်စရာကောင်းပါတယ်..ရေကန်ကြီးထဲကရေတွေက တက်တက်လာတော့ တစ်ခါတစ်လေ..ခြေသလုံးအလယ်ရောက်တယ်…အဲဒီအခါဆို ကျောင်းလုံးဝမသွားချင်တော့တာ..(အစကတည်းကလဲ သွားကိုမသွားချင်ပါဘူး) ရေထဲဖြတ်ရမှာကြောက်တယ်…မိကျောင်းကိုက်မှာစိုးလို့လေ..နောက် ဆူးတောင်ကြီးထောင်ထောင်ထောင်ထောင်နဲ့ ငါးမန်းလဲ ကြောက်သေးတယ်…ရေထဲကို ခြေမကလေးတောင်မချရဲဘူး…အဲဒါ ကိုကြီးက ကျောပိုးပြီးလိုက်ပို့တယ်…စိတ်ထဲကတော့ သွားပါပြီ..ကျောင်းမတက်ရတဲ့ အခွင့်အရေးလေး ဆုံးပါပြီဆိုပြီ မျက်ရည်လည်ရွဲနဲ့ ကျောင်းသွားရတယ် (ပညာလိုချင်ပုံများ ပြောပါတယ်) ပြောရဦးမယ်..ဖေဖေက အမြွာနှစ်ကောင်ကို သိပ်ချစ်တာ..ပုခုံးဟိုဘက် ဒီဘက် တစ်ယောက်ဆီတင်ပြီး ရွာရိုးကိုးပေါက် လျှောက်သွားတယ်..အဲဒါ ဟိုအိမ်ကပေးတဲ့ မုန့် ဒီအိမ်ကပေးတဲ့မုန့် အလှူခံပြီးမှ အိမ်ပြန်ရောက်တာ..တစ်နေ့ ရေတွေအရမ်းများတဲ့နေ့ပေါ့…အကြီးမက ခုနှစ်ဆင့်မြင့်တဲ့ လှေကားထိပ်မှာထိုင်လို့..အော် အိမ်က ခြေတံရှည် အိမ်လေ..ဖေဖေ သူ့ဟာသူ ဒီဇိုင်းထွင်ပြီး ဆောက်ထားတာတဲ့..ကြည့်ရတာတော့ နှစ်တန်းကလေးတွေဆွဲတဲ့ ခေါင်မိုးရယ် လှေကားရယ် ပြူတင်းပေါက်ရယ် အားလုံးကို စာရွက်တစ်ရွက်ထဲ စုပြုံထည့်ထားတဲ့ ပန်းချီကားလိုပါပဲ..ဟီးဇ်..(ကန်တော့ ဖေဖေ..ဒါပေမယ့် သမီး အဲဒီအိမ်ကလေးကို သိပ်ချစ်ပါတယ်) ဆက်ပြောပါဦးမယ်…
ဘာမှမမြင်ရတဲ့ရေထဲမှာ ဘာများရှိမလဲ ဆိုပြီး စိတ်ဝင်တစား (ဟိုတုန်းကတည်းက အူကြောင်ကျား ပုံများ) ကြည့်နေတုန်း အငယ်မက သူ့နောက်ကျောကနေ အသာလေး ဒူးလေးနဲ့ တွန်းလိုက်တာ..ခုနှစ်ဆင့်မြင့်တဲ့ လှေကားကနေ ပလုံကနဲ ရေထဲပြုတ်ကျသွားလိုက်တာ..အရှေ့အပေါ်က သွားနှစ်ချောင်းတောင် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိဘူး..ရေထဲက ပြန်ပေါ်လာတော့ သွေးတွေနဲ့ သွားတွေကတော့ မရှိတော့ဘူး..(ငယ်သွားလဲပုံ) အငယ်မက အသက်ကြီးတော့မှ ပြန်ပြောပါတယ်..အဲဒီတုန်းကတဲ့ ငါ အဲလိုလုပ်လိုက်ရင် နင်ဘာဖြစ်သွားမလဲမသိဘူးဆိုပြီး တွန်းကြည့်လိုက်တာ ဆိုပဲ..ပလေတို နဲ့ ၀က်ဝက်ကွဲ အမျိုးတော်တယ်..
အိပ်ချင်လာပြီ…နောက်နေ့မှဆက်ရေးတော့မယ်..
ဆက်ရန်….
ခေးလ.
၁၁ ရက် ဒီဇင်ဘာ ၂၀၁၀
မနက် ၁း၄၄ နာရီ..
Sunday, May 30, 2010
ဒဏ်ရာ..စာမျက်နှာ...လူ..နဲ့..လက်တွေ့
ကျွန်မ သိပ်ငယ်ငယ်ကလေးဘ၀ကို သူများတွေတမ်းတသလို တစ်ခါမှပြန်မတမ်းတခဲ့ဖူးဘူး..တမ်းလဲမတမ်းတချင်ဘူး..ဘာကြောင့်လဲဆိုတော့.ကျွန်မကလေးဘ၀က..ကလေးလိုမဖြတ်သန်းခဲ့ရဘူး..ဆင်းရဲတယ်..နွမ်းပါးတယ်..သူငယ်ချင်းမရှိဘူး..ကျောင်းသွားလဲ..အတန်းထဲမှာ အထီးသိပ်ကျန်ခဲ့တယ်..တစ်ခုတော့ကောင်းခဲ့ပါတယ်..နာကျင်မှုနဲ့စာကပဲကိုယ့်ရဲ့အဖော်လိုဖြစ်လာခဲ့တော့..ဘက်လိုက်မှုမရှိတဲ့အခါမှာ အတန်းထဲက စာတော်သော အူကြောင်ကြောင်ကောင်မလေးတစ်ယောက်ဖြစ်လာခဲ့တယ်..ကောင်လေးတွေနှာခေါင်းရှူံ့ရယ်မောသံသဲ့သဲ့တွေကြား..ကျောင်းသူချောချောတွေရဲ့မှတ်ကျောက်တင်အကြည့်တွေကြားမှာ ကျရှူံးခဲ့တဲ့ကျွန်မ ရှစ်တန်းကို ပထမဆုနဲ့အောင်ခဲ့တယ်..ကျောင်းပြောင်းခဲ့တယ်..ကျွန်မရဲ့နေရောင်ခြည်တွေကိုစတွေ့ရတဲ့စာသင်နှစ်ပေါ့..ကျောင်းသွားဖော်ဆိုတာ သိပ်ကိုအဓိပ္ပါယ်ရှိတဲ့စကားလုံးလေးအဖြစ် ကိုးတန်းနှစ်မှာ ကျွန်မ လက်ခံခဲ့တယ်..ကျွန်မလူကြီးဖြစ်ပြီလေ..အတန်းထဲမှာ..ကျွန်မတို့က ချစ်ဖို့ကောင်းတယ်ဆိုပဲ..ဗမာလူမျိုးတွေအများကြီးရှိတဲ့ကျောင်းမှာ..ကျွန်မတို့က ပြူးတူးကြောင်တောင်သင်းကွဲလေးတွေပေါ့..ဘယ်သူ့ကိုမှလဲ စကားမပြော..ညီအစ်မနှစ်ယောက်ထဲ..တွတ်တွတ်တွတ်တွတ်လုပ်နေတဲ့ကျွန်မတို့ကို..ဆရာမကခေါ်ပြီး ပတ်ဝန်းကျင်နဲ့အဆက်အသွယ်လုပ်ဖို့ပြောရတဲ့အထိ ကျွန်မတို့လူသိပ်ကြောက်ခဲ့တာ...ကျွန်မတို့စာသင်ခန်းဖော်တွေက..စာသင်ခန်းနဲ့သူငယ်ချင်းဆိုတာ ပိုက်ဆံနဲ့ခေတ်ဆန်ဆန်ယဉ်ကျေးမှုတွေလို မစိမ်းကားဘူးဆိုတာကို သင်ပေးခဲ့ပါတယ်..ကျွန်မတို့ ကျူရှင်မတက်နိုင်ခဲ့ဘူး..သူငယ်ချင်းတွေကသူတို့ကျူရှင်က သင်ပေးတာတွေကို ပြန်ပြောရှင်းပြ..နားလည်ခဲ့ရတယ်..မြန်မာနိုင်ငံရဲ့ပညာရေးကကျူရှင်တွေကို ပံ့ပိုးကူညီတဲ့စနစ်လေ..အပြင်သင်တန်းမယူရင် အတန်းထဲမှာ သူလိုကိုယ်လိုရဲ့အနောက်ကလူဖြစ်တဲ့စနစ်..ကိုးတန်းကိုကုတ်ကတ်ပြီးအောင်လာခဲ့တဲ့ကျွန်မတို့ညီအစ်မဆယ်တန်းမှာလဲ အနောက်ဆုံးအတန်းမှာထိုင်ရတယ်..ပျော်တာပါပဲ..သူငယ်ချင်းတွေက..ကိုယ့်အတန်းမှာလာထိုင်ကြတာကိုး..အော် မေ့လို့ပြောပြရဦးမယ်..အတန်းခေါင်းဆောင်ကလေ..ကိုးတန်းနှစ်ကပေါ့..ကျွန်မကို ရည်းစားစာပေးတယ်..ကျွန်မကဘယ်ရမလဲ..မိန်းမတို့မာယာသုံးပြီး အာခေါင်ခြစ်ပြီးအော်ငိုတာ..လူပုံအလယ်မှာ..သူတို့တစ်ဖွဲ့လုံးဘာလုပ်ရမှန်းမသိ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကုန်တာပေါ့..မသိရင်ပဲ ကျွန်မပုံစံက ရုတ်တရက် နင့်အဖွားဆုံးသွားလို့ ဆိုတဲ့သတင်းကြားရသလိုမျိုးကို အော်ငိုတာဆိုတော့.သူတို့လဲ လန့်တာပေါ့...ဟဟဟ..အမှတ်တရပါပဲ..နောက်ပိုင်းအဲလိုမဆိုးတော့ပါဘူး..ဆယ်တန်းအောင်ပြီးတဲ့နောက်ပိုင်း ကျွန်မတို့ရဲ့ရွှေရောင်နေ့ရက်တွေစတာပါပဲ..ကလေးဘ၀ကိုကလေးဆန်ဆန်မဖြတ်သန်းခဲ့ရပေမယ့်လူကြီးဘ၀ကိုတော့ ဆယ်တန်းအောင်ပြီးကာစကတည်းက ဘာမှန်းညာမှန်းမသိနဲ့လက်ခံခဲ့ရတယ်..ပြောထားပါတယ်..ကျွန်မတို့ကဆင်းရဲတယ်လို့..ဆယ်တန်းအောင်ပြီးတာနဲ့.အောင်စာရင်းစောင့်ရင်း အလုပ်လုပ်ရတယ်.အိမ်စားရိတ်ကိုတစ်ဖက်တစ်လမ်းကနေထောက်ပံ့ရအောင်လို့..အဲဒါကပဲ အိမ်ကိုတာဝန်သိတတ်ရမယ်..ကျွေးမွေးစောင့်ရှောက်ရမယ်..ဆိုတဲ့တာဝန်သိစိတ်ကို စတင်သန္ဓေတည်စေခဲ့တာထင်ပါရဲ့...ကျွန်မတို့မနားခဲ့ရဘူး..နောက် ..ဆရာမသင်တန်း(ကောလိပ်အခြေပြု) တက်ရတော့မှ..ကျောင်းသူဘ၀ကိုပြန်ရောက်ခဲ့တယ်...အဲဒီတုန်းကသူငယ်ချင်းတွေကသိပ်ကောင်းခဲ့ကြတာ..တကယ့်ညီအစ်မတွေလိုမျိုး..အဆောင်မှာအတူတူနေရတာကိုး..ပျော်စရာသိပ်ကောင်းပါတယ်..ပိုက်ဆံမရှိတဲ့သူ.ပိုက်ဆံရှိတဲ့သူ..အားလုံးကအတူတူပဲ..ညီမျှတယ်.ဘက်လိုက်မှုမရှိဘူး..ဆရာမတွေကလဲ သိပ်ကိုတော်တယ်..သူတို့ကိုအားကျရင်သူတို့လိုငါတော်ရမယ်ဆိုတဲ့စိတ်အသိလေးက တိတ်တိတ်ကလေးကိန်းအောင်းနေခဲ့တယ်..ဆရာမ ဒေါ်ဟန်ဟန်သီက ကျွန်မ အလေးစားရဆုံးဆရာမတစ်ယောက်ပေါ့..နောက်ဒေါ်မာလာကြည်..သူတို့တွေက ပညာရေးနဲ့ဆိုင်တဲ့သဘောတရားတွေ..စာသင်ခန်းကိုဘယ်လိုရအောင်ထိန်းမလဲဆိုတဲ့သင်ခန်းစာတွေကို..ဥပမာတွေနဲ့သင်သွားပေးတာ..သူတို့အင်္ဂလိပ်စာ အင်္ဂလိပ်စကားကလဲ သိပ်ကိုကောင်းတယ်..ဒေါ်ဟန်ဟန်သီပြောခဲ့တဲ့စကားလေးတစ်ခွန်းက ကျွန်မဘ၀ကိုသိပ်ပြောင်းလဲစေခဲ့တာပေါ့..တစ်ခုခုကို..ကိုယ်တစ်ကယ်ဖြစ်ချင်တယ် လုပ်ချင်တယ်.ဆိုရင်ကိုယ့်ကိုကိုယ်သေသေချာချာပြန်ဆန်းစစ်ပါတဲ့..တကယ့်ကိုအဲဒီအရာက ကိုယ့်စိတ်ထဲမှာ အမြုတေတစ်ခုလိုစွဲနေရင်..တစ်နေ့နေ့မှာဖြစ်ကိုဖြစ်ပါတယ်တဲ့..ကြာရင်လည်းကြာမယ် မြန်ရင်လဲမြန်မယ်..ကိုယ်ရောက်သွားတဲ့နေရာနဲ့ကိုယ့်အမြုတေနဲ့လိုက်ဖက်ညီတဲ့တစ်နေ့..သမီးအဲဒီအရာကိုရလိမ့်မယ်တဲ့...
ကျေးဇူးတင်ပါတယ်..ဆရာမ..အခု အဲဒီအရာကကျွန်မဘ၀ကိုပြောင်းလဲစေခဲ့ပါတယ်..ကျွန်မအင်္ဂလိပ်စကားသိပ်ပြောတတ်ချင်ခဲ့တာ..native speaker တစ်ယောက်လောက်နီးပါးပေါ့..ငယ်ငယ်လေးထဲက စွဲလန်းခဲ့တာအဲလိုဖြစ်လာဖို့..အခုလဲ ဒီဘာသာစကားကြောင့်ပဲ..ကျွန်မဘ၀ပုံမှန်ထက်နည်းနည်းသာတဲ့အနေအထားမှာရပ်တည်နိုင်ခဲ့တယ်လေ..
Friday, May 28, 2010
လရေးနှစ်ချောင်းငင်..လူ
အလင်းတွေနဲ့ထုဆစ်ရင်း...အနာ
ဂတ္ကပါးပါးလ်လ်...
ခံစားနေကျကဗျာတွေလဲမချိုမြနိုင်တော့ဘူး..
တစ်နေ့ပြီးတစ်နေ့ သေချာလာတာ ဘ၀ကပျင်းဖို့ကောင်းတယ်..
အာခေါင်ကနေမီးဟုန်းဟုန်းတောက်ခဲ့ရင်တောင်..
ငါရိုးသားမှုကိုလက်တွဲမဖြုတ်ဘူး..မဖြုတ်ဘူး..မဖြုတ်ဘူး...နဲ့...
လက်တွဲပြုတ်တဲ့သူတွေကဒုနဲ့ဒေး..ငါမသိခင်လေးတင်..။ ။
လူသံပရာတွေနဲ့တွေ့ရင်း..ဘ၀ကချဉ်လာခဲ့တာ..
အမှတ်တမဲ့လှမ်းနှုတ်ဆက်မိတာ..ဟိုးအဝေးကြီးက..ငါလေ
မောဟနဲ့ဂရုဏာကိုစားသုံးရင်း..လူတစ်ဖြည်းဖြည်းပီသ..
ရယ်ပြတဲ့သူရှိခဲ့ရင်တောင် ငါမျက်မှောင်ကြုတ်တတ်ခဲ့ပြီ။ ။
ဘ၀ကျန်းမာရေးအတွက်..ငါသောက်နေတဲ့ဆေးတွေ
ဖန်တီးခြင်းအနုပညာကိုယိုယွင်းစေတယ်..
ကဲ ဘယ်လိုလုပ်မလဲကွယ်..
ရှေ့မတိုးချင်တဲ့အခါမှ အနောက်မှာမြေပြိုခဲ့တော့..
ဒီသံသရာထဲရဲရဲသာခုန်ချမယ်..
ငါ့သစ္စာကိုငါယုံနေသရွေ့..
သေချာတယ်..ငါဆိုတာ..ရှိနေမယ်..
                                                                                                                                                                                                     ခေးလ
Saturday, May 8, 2010
ပုံပြင်အမှတ်စဉ် ၂
ပုံပြင်အမှတ် ၁
မိုးညများမှာအချစ်ပျောက်ကို
ရှာတုန်း..ဒီမိုးစက်တွေနှိပ်စက်ကြ..အိုး..မိုးသည်းထဲကကိုယ့်ရဲ့မျက်ရည်..ဘယ်သူမှ မတွေ့ဘူး..လွမ်းမိုးတွေသည်းတုန်းပေါ့..စာနာနိုင်သူမရှိ..မအိပ်ဘူးညတွေကိုယ့်တစ်ယောက်ထဲ..တွေ့မလားမင်းကို
ရှာနေခဲ့.မပျော်တဲ့နေ့များရယ်..မပျော်နိုင်ညများထဲ..မင်းကိုရှာခဲ့အချစ်..ဒီမှာတော့အသည်းတွေကွဲ..
သီချင်းလေးက ကြာခဲ့ပြီ..သီချင်းလေးကိုဆိုခဲ့သူတွေလဲကြာခဲ့ပြီ..သီချင်းကိုကြိုက်ခဲ့တဲ့ကောင်မလေးတစ်သိုက်ကလဲ..အဝေးကြီးကိုရောက်သွားကြပြီ..အနီးဆုံးမှာနေကြရင်း..ဒီရေညှိက ငါ့ထက်ချောတယ်ဟ လို့ စပြောခဲ့တဲ့ ငါ့သူငယ်ချင်းမလေး..ဆံပင်အရှည်ကြီးနဲ့ ကောင်မလေးပေါ့..အဲဒီတုန်းက..
အခုတော့..ဟိုးအဝေးကြီးမှာ..စိတ်ချင်းဝေးနေကြပြီ..လူတွေဘာကြောင့်နီးနီးလေးနဲ့စကားကိုအကျယ်ကြီးအော်ပြောကြတာလဲဆိုတဲ့စကားလေးကို အခုမှ နားလည်ခဲ့ပါတယ်..ငါတို့တွေဆိုးခဲ့ကြတယ်..တေဖော်တေဖက်ညီခဲ့ကြတယ်..တဲ့..ရပ်ကွက်ထဲက လူတွေကပြောတယ်..သူတို့လဲ ချစ်ကြတယ် အဲဒီကောင်မလေးတစ်ဖွဲ့ကို..သူတို့က ရိုးရိုးလေးဆိုးကြတာကို..လက်ဖက်ရည်ဆိုင်ထိုင်တယ်..အဲ..အဲဒီအဖွဲ့ရဲ့အသက်အငယ်ဆုံးကောင်မလေး မွေးနေ့တစ်ခုမှာ..သူတို့ အရက်ခိုးသောက်ကြတယ်..သိလား..ဘီအီးဆိုတဲ့အရက်..ခါးလိုက်တာ..ဆိတ်သားခြောက်နဲ့..သူပဲ အရင်ဆုံးမူးပြီးအိပ်ပျော်သွားတာ..တစ်ခါတစ်လေ ရပ်ကွက်ထဲမှာ လူခြေတိတ်တဲ့အချိန်ထိ သူတို့တစ်ဖွဲတေလို့ပေလို့ကောင်းတုန်း..အဲဒီအဖွဲ့ထဲကကောင်မလေးနှစ်ယောက်က ခြံဝင်းအကျယ်ကြီးမှာနေကြတာ..ချမ်းသာလို့လို့မထင်နဲ့..သူ့အမေအလုပ်လုပ်တဲ့ကျောင်းမှာ အိမ်ဆောက်ပြီးနေနေတာ..အဲဒီကျောင်းဝင်းထဲမှာ ရာသီ ခုနှစ် ရာသီ လည်ပတ်ခဲ့ကြတယ်..သူတို့တွေကစားကြတယ်..ဆယ်တန်းအောင်ပြီးတာတောင်..သူတို့ ကလေးတွေလိုကစားလို့ကောင်းတုန်း..ခရီးထွက်ကြတယ်...အဲဒီထဲမှာမှ အညိုရောင်ကောင်မလေးနဲ့ အသားအနီဆုံးကောင်မလေးက ပိုတွဲတယ်..ပိုမျှဝေဖြစ်ကြတယ်ပေါ့..ခံစားချက်တွေတူကြတယ်..စိတ်ကူးယဉ်တာတွေလဲ တူတယ်.."နင်ကြီးလာရင် ငါ့ကို သိန်းနှစ်ဆယ်ချေးနော်"..တဲ့..ရယ်ရတယ်..တစ်ယောက်ကလဲ ပြန်ပြောတယ် "ချေးမှာပေါ့ဟ" တဲ့..သိန်းနှစ်ဆယ်ဆိုတဲ့ငွေကြေးက..သိပ်မထူးခြားတဲ့ကိန်းဂဏန်းအဖြစ် ရောက်လာမယ့် ခေတ်မှာ သူတို့က ကလေးဘ၀ သိန်းနှစ်ဆယ် သဘောတူညီမှုထက် များတဲ့ ကွဲလွဲမှုတွေ သဘောထားမတိုက်ဆိုင်မှုတွေ..မာန..တွေနဲ့..လူကြီးတွေဖြစ်နေကြတယ်...ကြေကွဲဖို့ကောင်းတာက အခုချိန်ထိ အသားနီနီနဲ့ကောင်မလေးက..ကလေးဘ၀ကရော..သူအရမ်းကြေကွဲအားငယ်နေခဲ့တဲ့အချိန် သူ့ဘက်မှာရပ်တည်ရင်း..သူ့သူငယ်ချင်းပြောခဲ့တဲ့စကားတွေကို ခုထိ မမေ့ဘူး..နားထဲမှာကြားတိုင်း မဲ့ပြုံးပြုံးဖြစ်တယ်..တဲ့..